ဘာကြောင့်မကွေးတိုင်းဒေသကြီးအတွင်းစီးပွားရေးလုပ်ငန်းဆောင်ရွက်သင့်သလဲ?

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၇၅ အရ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုဇုန် အမျိုးအစားလိုက် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် အတည်ပြုမိန့် (သို့မဟုတ်) ခွင့်ပြုမိန့်ရယူပြီး  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ခြင်းအားဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်များ လျှောက်ထားရယူနိုင်မည်ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် တည်ရှိပြီး ခရိုင် (၇) ခု၊ မြို့နယ် ပေါင်း (၂၅) မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိပါသည်။ တိုင်းဒေသကြီးအတွင်း ဝင်ငွေခွန်ကင်းလွတ်ခွင့် (၇) နှစ်  ခံစားရရှိနိုင်မည့် မြို့နယ် (၁၃) ခု နှင့် ဝင်ငွေခွန် ကင်းလွတ်ခွင့် (၅)နှစ် ခံစားရရှိနိုင်မည့်မြို့နယ် (၁၂) ခု ရှိသဖြင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်လုပ်ကိုင်ခြင်းအားဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့် အနည်းဆုံး (၅) နှစ် ခံစားရရှိနိုင်မည့် အားသာချက်များရှိနေပါသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်လုပ်ကိုင်နိုင်သည့် မြေဧရိယာများစွာရှိခြင်း

          မကွေးတိုင်းဒေသကြီးသည် မြေဧရိယာအားဖြင့် ကျယ်ဝန်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးနိုင်သည့် မြေဧက များစွာရှိပါသည်။ ဆီထွက်သီးနှံနှင့် ကောက်ပဲသီးနှံများ စိုက်ပျိုး ထုတ်လုပ်ခြင်းသည် တိုင်းဒေသကြီး၏ အဓိကစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး  မြန်မာနိုင်ငံ၏ “ဆီအိုးကြီး” ဟု တင်စားရသည့် တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်မည် ဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီးတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်သည့် စားကျက်မြေနှင့် မြေလွတ်မြေရိုင်းများစွာရှိသည့်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တိရိစ္ဆာန် မွေးမြူရေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ပွင့်ဖြူမြို့နယ်နှင့် အောင်လံမြို့နယ်တို့တွင် မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပါမွေးမြူရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး ထွက်ရှိခြင်း

          မကွေးတိုင်းဒေသကြီးသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထွက်ရှိသည့် တိုင်းဒေသကြီး   တစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအတွင်း စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် ရေနံမြေများစွာ တည်ရှိနေပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တိုင်းဒေသကြီးအတွင်း  ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း၊ ရေနံချက်လုပ်ငန်းနှင့် ရေနံဓာတုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် လုပ်ကိုင်နိုင်သည့် အလားလာများ ရှိနေပါသည်။ ထို့အပြင် တိုင်းဒေသကြီးအတွင်း ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လုပ်ကိုင် နိုင်မည်ဖြစ်ပါသည်။

တစ်နှစ်ပတ်လုံး နေရောင်ခြည်ကောင်းစွာရရှိခြင်း

          မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်တည်ရှိပြီး တစ်နှစ်ပတ်လုံး နေရောင်ခြည်ကောင်းစွာရရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ တိုင်းဒေသကြီး အတွင်း ပျမ်းမျှ မိုးရွာရက်သည် တစ်နှစ်လျှင် ရက်ပေါင်း ၇၀ သာ ရှိသည့်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်သည့် အလား အလာကောင်းများ ရှိနေပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။