အတည်ပြုမိန့်လျှောက်ထားခြင်း

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ သန်းအထိ (သို့မဟုတ်) မြန်မာကျပ်ငွေ ကျပ်သန်း ၆၀၀၀ အထိ တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်  မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ အတည်ပြုမိန့် ရရှိရန် အတည်ပြုလျှောက်ထားလွှာ ပုံစံ (၄-ခ) ဖြင့် တင်ပြလျှောက်ထား နိုင်ပါသည်။ အတည်ပြုလျှောက်ထားလွှာနှင့်ပူးတွဲတင်ပြရမည့် အချက်အလက်များ တင်ပြရာတွင် အောက်ပါအဆင့်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်-


အဆင့်(၁)

လိုအပ်သည့် သတင်းအချက်အလက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်  စုဆောင်းခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ  အကြံဉာဏ်တောင်းခံ၍ သတင်းအချက်အလက်များ ရယူနိုင်ပါသည်။


အဆင့်(၂)

စာရွက်စာတမ်းအထောက်အထားများ ပြင်ဆင်ခြင်း

အတည်ပြုလျှောက်ထားလွှာလျှောက်ထားလွှာ ပုံစံ (၄-ခ) နှင့်အတူ ပူးတွဲတင်ပြရမည့် အချက်အလက်များကို ပြုစု၍  မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ လျှောက်ထား နိုင်ပါသည်။


အဆင့်(၃)

အတည်ပြုလျှောက်ထားလွှာနှင့် အချက်အလက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးက စိစစ်ခြင်း

ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသည့် အတည်ပြုလျှောက်ထားလွှာနှင့် အချက်အလက်များကို မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးရုံးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးက  စိစစ်ပါသည်။


အဆင့်(၄)

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးသို့တင်ပြခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် ရင်းနှီးမြှုပ်နှံသူက တင်ပြလျှောက်ထားလာသည့် အတည်ပြုလျှောက်ထားလွှာနှင့် အချက်အလက် များကို စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက အနီးစပ်ဆုံး မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးသို့ တင်ပြပါသည်။


အဆင့်(၅)

အတည်ပြုမိန့်ထုတ်ယူခြင်း

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို သဘောတူခွင့်ပြုပါက ရင်းနှီးမြှုပ်နှံသူသည် အတည်ပြုမိန့်ကို ထုတ်ယူနိုင်ပါသည်။