မကွေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ
စိုက်ပျိုးရေး
နိုင်ငံတော်မှ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးအတွက် ပြည်ပမှစာအုန်းဆီတင်သွင်းမှုကို လျှော့ချတင်သွင်းလျက်ရှိရာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီအိုးကြီးဟုတင်စားရသည့် မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း စားသုံးဆီထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ၊ တစ်ဧကအထွက်နှုန်းတိုးတက်လာစေရန် ၊ ပြည်ပစားသုံးဆီသုံးစွဲမှုလျှော့ချလာစေရန်နှင့် နိုင်ငံ၏ စားသုံးဆီဖူလုံမှုအား အထောက်အကူပြုစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဌာနအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များသတ်မှတ်၍ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးတွင် မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲအမျိုးမျိုးအပြင် ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ စပါး၊ ပြောင်းနှင့် အာလူး စသည်တို့ အဓိက စိုက်ပျိုးပါသည်။ နိုင်ငံ၏ စားသုံးဆီဖူလုံမှုအား အထောက်အကူပြုရန်အတွက် ဆီထွက်သီးနှံများသာမက စပါးကြိတ်ခွဲခြင်းမှ ဘေးထွက်ပစ္စည်းအဖြစ်ရရှိသည့် ဖွဲနုမှ စားသုံးဆီထုတ်ယူရန်နှင့် စက်မှုကုန်ကြမ်း သီးနှံများဖြစ်သည့် ဝါမှ စားသုံးဆီထုတ်လုပ်ရန် တို့ကိုလည်း အလေးထားစီမံဆောင်ရွက်လျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသော ပဲ၊ ပြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးအစရှိသည့် သီးနှံများသည် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည့် ပြည်ပပို့ကုန်များဖြစ်ကြပါသည်။ မကွေးတိုင်းဒေသကြီးသည် ဝါစိုက်ပျိုးမှုတွင် အများဆုံးဖြစ်သည့်အတွက် အဆင့်အတန်းမြင့်သော စက်မှုကုန်ကြမ်းဖြစ်သည့် ဝါဂွမ်းများ အထွက်နှုန်းတိုးစေရေးအပြင် ဈေးကွက်ဝင် ချည်ထည်များ ထုတ်လုပ်နိုင်သည်ထိ နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရန် အခွင့်အလမ်းများရှိနေပါသည်။
မွေးမြူရေး
မကွေးတိုင်းဒေသကြီးသည် မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် အလားအလာကောင်းများရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို မွေးမြူရန်နှင့် အသားတိုးကြက်နှင့် ဥစားကြက်များကို မွေးမြူရန် သင့်လျော်သည့် စားကျက်ကောင်းများရှိခြင်း၊ မွေးမြူရေးပြုလုပ်ရန် မြေများစွာရှိခြင်းနှင့် မွေးမြူရေးထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန် အလားအလာကောင်းများရှိခြင်း စသည့် အားသာချက်များရှိနေပါသည်။ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အလမ်းများရှိနေပါသည်။
နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်လုပ်ငန်း
မကွေးတိုင်းဒေသကြီးသည် အပူပိုင်းမိုးနည်းရပ်ဝန်းတွင် တည်ရှိသည့်အတွက် တစ်နှစ်တာလုံး မိုးရွာရက်မှာ ပျမ်းမျှ ရက် ၇၀ သာရှိသဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် သင့်လျော်ပါသည်။ နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ငန်းသည် နိုင်ငံတော်က ဦးစားပေးမြှင့်တင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဤကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိနေပါသည်။
စက်မှုလုပ်ငန်း
မကွေးတိုင်းဒေသကြီးသည် လုပ်သားအင်အားပေါများသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် အထည်ချုပ်လုပ်ငန်းအပါအဝင် CMP စနစ်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် အထူးသင့်လျော်ပါသည်။ မကွေးတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အဓိကအားထား လုပ်ကိုင်သောတိုင်းဒေသကြီးဖြစ်၍ စိုက်ပျိုးမွေးမြူရေးအခြေပြုစက်မှုလုပ်ငန်းများ၊ အဆင့်အတန်းမြင့်မားသော လယ်ယာထွက်ကုန်များအဖြစ် တန်ဖိုးမြှင့်တင်သော MSME ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန် သင့်လျော်ပါသည်။ ဒေသထွက်ကုန်များဖြစ်သော အလွယ်တကူရရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အလမ်းများရှိနေပါသည်။ ထို့အပြင် တည်ရှိဆဲ စက်မှုဇုန်များဖြစ်သည့် ပခုက္ကူစက်မှုဇုန်နှင့် ရေနံချောင်းစက်မှုဇုန်တို့တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်သကဲ့သို့ အသစ်ဖော်ဆောင်လျက်ရှိသည့် မကွေးစက်မှုဇုန်တွင်လည်း စက်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အလမ်းများရှိနေသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး
မကွေးတိုင်းဒေသကြီးတွင် သမိုင်းဝင် အထင်ကရနေရာများ၊ တန်ခိုးကြီး စေတီပုထိုးများ၊ ရှေးဟောင်းအဆောက်အဦများ ပေါများစွာရှိသည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ရှိနေပါသည်။ ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများ ရှိနေသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့
မကွေးတိုင်းဒေသကြီးသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ရှိသည် တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းနှင့် ရေနံဓာတုဗေဒလုပ်ငန်းများတွင် ရင်းနှီးမြှုပ်မှုဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိနေပါသည်။