မကွေးတိုင်းဒေသကြီးအကြောင်း

တည်နေရာအကျယ်အဝန်း

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပါသည်။ မကွေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၂ မိနစ်နှင့် ၂၂ ဒီဂရီ ၄၄ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၂ မိနစ်နှင့် ၉၅ ဒီဂရီ ၅၁ မိနစ်အကြားတွင်တည်ရှိပြီး အကျယ်အဝန်းမှာ (၁၇၃၁၈.၂၂၃) စတုရန်းမိုင် ကျယ်ဝန်းပါသည်။

နယ်နိမိတ်

မကွေးတိုင်းဒေသကြီး၏ အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေတို့နှင့် နယ်နိမိတ် ထိစပ် လျက်ရှိပြီး တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့နှင့်  ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

မကွေးတိုင်းဒေသကြီးမှာ မြေနိမ့်လွင်ပြင်ဒေသဖြစ်ပြီး အရှေ့ ဘက်တွင် ပဲခူးရိုးမ၊ အနောက်ဘက်တွင် ချင်းတောင်တန်း၊ ရခိုင်ရိုးမတို့ တည်ရှိပြီး မြောက်ဘက်တွင် ပုံတောင်ပုံညာတောင်တန်းများ ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

မကွေးတိုင်းဒေသကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၁၇၀.၆)ပေ အထက်တွင် တည်ရှိပါသည်။ တိုင်းဒေသကြီး၏ အမြင့်ဆုံးဒေသမှာ ချောက်မြို့နယ်ဖြစ်ပြီး အနိမ့်ဆုံးဒေသမှာ ပေါက်မြို့နယ်ဖြစ်ပါသည်။

ရာသီဥတု

မကွေးတိုင်းဒေသကြီးသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုဖြစ်ပြီး၊ တစ်နှစ်ပတ်လုံးပျမ်းမျှ အပူချိန်သည် (၃၃.၇°C)၊ ပျမ်းမျှအနိမ့်ဆုံးအပူချိန်သည် (၂၀.၄°C)နှင့် ပျမ်းမျှမိုးရေချိန်သည် (၃၂.၂၇)လက်မ ဖြစ်ပါသည်။