မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့၌ အမိန့်ကြော်ငြာစာ အမှတ် ၁၀/၂၀၂၂ ဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီကို အဖွဲ့ဝင်(၇)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အဖွဲ့ဝင် (၇) ဦးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ရာထူး တာဝန်
ဝန်ကြီးချုပ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

ဥက္ကဋ္ဌ
စီးပွားရေးရာဝန်ကြီး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

အဖွဲ့ဝင်
တိုင်းဒေသကြီးဥပဒေချုပ်

မကွေးတိုင်းဒေသကြီးဥပေဒေချုပ်ရုံး

အဖွဲ့ဝင်
တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး

မကွေးတိုင်းဒေသကြီးထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အဖွဲ့ဝင်
တိုင်းဒေသကြီးဦးစီးဌာနမှူး

မကွေးတိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန

အဖွဲ့ဝင်
တိုင်းဒေသကြီးဦးစီးမှူး

မကွေးတိုင်းဒေသကြီးပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန

အဖွဲ့ဝင်
တိုင်းဒေသကြီးဦးစီးမှူး

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

အတွင်းရေးမှူး

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၃၆ တွင် ပြဋ္ဌာန်းထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှတစ်ပါး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်‌ဒေါ်လာ ၅ သန်းအထိ (သို့မဟုတ်) မြန်မာကျပ်ငွေ သန်း ၆၀၀၀ ထိ တန်ဖိုးရှိသည့် လုပ်ငန်းဖြစ်ပါက ရင်းနှီးမြှုပ်နှံမှု အတည်ပြု လျှောက်ထားလွှာ ပုံစံ ၄(ခ) ကို ကော်မတီသို့တင်ပြ၍ အတည်ပြုမိန့် လျှောက်ထားရယူနိုင်ပါသည်။ ရင်းနှီးမြုပ်နှံသူများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့်ရယူပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသည့် မြေအသုံးပြုခွင့်နှင့် ပုဒ်မ ၇၅၊ ၇၇နှင့် ၇၈ ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့် တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ရပ် ထက်ပို၍ဖြစ်စေ၊ အားလုံးကိုဖြစ်စေ လျှောက်ထားရယူနိုင်မည်ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အတည်ပြုလျှောက်ထားလွှာ ပုံစံ ၄(ခ) တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ ခွင့်ပြုချက် သို့မဟုတ် ပါမစ် သို့မဟုတ် အလားတူ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၃၇ အရ ရင်းနှီးမြှုပ်နှံသူက တင်ပြလာသည့် အတည်ပြုလျှောက်ထားလွှာကို မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးသည် လိုအပ်သည့် စိစစ်မှုများပြုလုပ်ပြီး ပြည်စုံပါကလက်ခံခြင်း၊ ပြည့်စုံမှုမရှိပါက ပြင်ဆင်ဖြည့်စွက်၍ ပြန်လည် တင်ပြစေခြင်းပြုလုပ်နိုင်ပါသည်။ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် မကွေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကော်မတီသို့ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်များအား စိစစ်ခွင့်ပြုပေးနိုင်ရန်အတွက်လည်းကောင်း ဆွေးနွေးဆုံးဖြတ်ရန်အတွက် ကော်မတီအစည်းအဝေးများကို တစ်လလျှင် အနည်းဆုံး တစ်ကြိမ် ပုံမှန်ကျင်းပလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အတည်ပြုလျှောက်ထားလွှာ ပုံစံ ၄(ခ) နှင့် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများကို  မြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော်သာ(၁) လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီးရှိ  မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးသို့ တင်ပြလျှောက်ထားနိုင်ပြီး ကော်မတီရုံး၏ ဖုန်းနံပါတ် ၀၆၃ ၂၀၂၈၇၄၈၊ ဖက်စ်နံပါတ် ၀၆၃ ၂၀၂၈၇၄၇ နှင့် အီးမေးလ်လိပ်စာဖြစ်သည့် dica.magway@gmail.com သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။